Wednesday, November 7, 2012
ဟံသာဝတီခေတ် ကဗျာတစ်ပုဒ်
 လွမ်းလျက်နေရာ၊
 ရွာလာသည်လည်း
 ထွေလည်မောစွ၊ 
 ရီရောပြိုးပြွမ်း၊
 မိုးချမ်းခါလု၊ 
 ရတုဝ
 ဟေမန်လ၀ယ်၊ 
 ကျတဝေေ၀၊
 စွေတမှေးမှေး၊
 သေးတဖွဲဖွဲ၊ 
 လွမ်းဆေးကြဲ ….          ဟံသာဝတီခေတ် စာဆိုရှင် ရှင်ဓမ္မဓဇ  
( ကဗျာခေါင်းစဉ် လဲမသိ၊ အပြည့်အစုံလဲမသိတဲ့ ကဗျာလေးပါ။
  နှစ်သက်လို့ ကူးယူထားတာပါ။ )
အနုပညာကျွန်း
အနုပညာကျွန်း
ရောက်ခဲ့ဖူးတယ်
ယစ်မူးငြိမ့်လျော၊ လှေအမျောမှာ
တယောလဲ့လဲ့၊ တီးတိုးနွဲ့ရင်း
ဆိုဖွဲ့သီချင်း၊ ဖြည်းညင်းညင်းဆို
ဟောဟိုမြေနု၊ သစ်ပင်စုနဲ့
အနုပညာကျွန်းကိုပေါ့။
အဲ့သည်မှာလေ
စာပေကိုဖတ်၊ ကဗျာစပ်လိုက်
ဆောက်အပ်တွေစု၊ ရုပ်တု ထုလိုက်
နုရင့်ရောင်တွဲ၊ ပန်းချီဆွဲလိုက်
ရင်ထဲ ခုတောင်ခုန်သေးတယ်။
နေရစ်တော့နော်
ကြော့ကြော့ကလေး၊ လအေးအေးအောက်
ငှက်တေးသံညင်၊ မြေပေါ်ဖိတ်စဉ်
ရေပြင်ညံ့အိ၊ သစ်နွယ်ငြိချိန်
စိတ်၏အစာ၊ ငတ်ပြတ်ဆာတော့
ပြန်လာလည်ပတ်ပါဦးမယ် ......               ကြည်အေး
Tuesday, April 24, 2012
အဖြေ
အရာအားလုံးကို
ပုံသေနည်းနဲ့တွက်ချက်
အဖြေထုတ်ကာ ကြည့်မလား
ဒါမှမဟုတ်
ရှေးစကား ကျမ်းကိုးကားနဲ့
အဖြေထုတ်ကာ ကြည့်မလား
ဒါမှမဟုတ်
ပတ်ဝန်းကျင်စကား အတွေးများနဲ့
အဖြေထုတ်ကာ ကြည့်မလား
နည်းအမျိုးမျိုးနဲ့တွက်ချက်
အဖြေမှန် ထွက်လာနိုင်ပေမဲ့
တစ်ခါတစ်လေ ပုံသေနည်း
ကျမ်းကိုးကား ဘေးစကားတွေနဲ့ မညီ
အဖြေညှိခက် ပဟေဠိ အချက်အလက်တွေနဲ့
ကွဲလွဲချက်တွေ ရှိနေပါသေးတယ်
Thursday, March 29, 2012
လားရှိုး View Point
ကြည်ပြာသော ကောင်းကင်
တောင်တန်းပြာ နောက်ခံရယ်နဲ့
တိမ်စိုင်တိမ်လိပ် အပြည့်အသိပ်ကို
မြေကပ် အပင်ရိုင်းငယ်တွေနဲ့
အနားသပ် ဘောင်ကွပ်ထားလို့
မြေပြင်မှာလော တိမ်ပေါ်မှာလော
မဝေခွဲနိုင်အောင် လှနိုင်ပါပေ့
 သဘာဝ အလှတရားရယ်...
Wednesday, March 28, 2012
မြို့ မျက်နှာဖုံး
 ရယ်နေသောလဲ
 ပျော်ရွှင် မနေပါ
 ငိုနေသောလဲ
 မြို့ပြရဲ့ အရှိန်အ၀ါ
 လူတွေရဲ့ လောဘ
 အတ္တ မာနတွေအောက်
 အတုံးအရုံး ပြိုလဲ
 အမှန် မျက်နှာမရှိ
 ဟန်ဆောင် မျက်နှာဖုံးတွေနဲ့မို့
 မြို့ မျက်နှာဖုံး ရယ်လို့  ဂုဏ်တင်ကာ
 အမည်တပ်ရမလို ဖြစ်နေပြီ  
Saturday, February 11, 2012
မခေါ်တမ်း ကစားခြင်း
 တမင်စိမ်းပြီပေါ့
 မကြင်လို့ တိမ်းချင်လဲတိမ်းပါ
 ယိမ်းသလို ရှောင်သလိုနဲ့
 ဟန်ဆောင်ကာ မျက်မာန်တင်း
 မြင်ပြင်းကပ်ဟန်တူရဲ့
 ငြူစူစူ ခင့်နှုတ်ခမ်းက
 ပန်းနှင်းဆီမုန်းရောင်သန်း
 မခေါ်တမ်းကစားရအောင်လေ။
 နောင်တော့မှ
 မောင်တော့သတိထား
 ဟိုသွားသည်လာနဲ့
 ကဗျာဆရာလူတေကြီး
 ဆံမဖီးမသင်နဲ့
 မုတ်ဆိတ်မျှင် သူမရိတ်
 ဆေးလိပ်တို တဖွာဖွာပေါ့
 ယောင်ချာချာမနေပါနဲ့
 ခင်ကလေ မောင့်ကိုမုန်းပါဘူး
 ရှက်ပြုံးကာ လာမချော့လှာနှင့်
 မောင့်မှာလေ တအားလျှော့ပြီ
 ခုတော့တေပေ။
 မောင်ရယ်လိမ်လိမ်မာမာနဲ့
 ခင်ပြောတာနားထောင်စမ်းပါ
 ဒီကလဲ သူ့ကိုလွမ်းရတာဘဲ
 မခေါ်တမ်းကစားပွဲကို
 ရပ်စဲကြစို့လေ
 မျက်ရေနဲ့ခင့်စကား။
 ချစ်သူကပြောတော့
 လွမ်းမောသူ ဟန်မဆောင်နိုင်ဘု
 ဆေးလိပ်တောင် ဖြတ်ပစ်မယ်
 အချစ်မကြိုက်ရင် မောင်မသောက်ပါ
 နောက်တော့သာ မခေါ်ချင်သလိုနဲ့
 ခင်တမင်ငြိုငြင်တိမ်းပြီး
 စိမ်းနဲ့သိလား။                 ကြည်အောင်
Thursday, February 9, 2012
စပယ်ဖြူ
 တင့်လှပေသည်
 မြရည်စို့စို့ အရွက်တို့လည်း
 မိုးသို့မျှော်ကာ သူ့မာလာအား
 ပဏာဆက်သ ရွှင်ပြပြသည်